Template Main JS File

ကျိုက်သို့ပုသိမ်စေတီတော်(တာတိုင်ဘုရား)သမိုင်းအကျဉ်း

(ရည်ညွှန်းစာ : ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) မှ ပေးပို့ထားသော မှတ်တမ်းမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။) မိုးကနိန်းခေါ်ကျိုက်သို့ပုသိမ်စေတီတော် သည်တာတိုင်ဘုရား(၁၁) ဆူအနက် ၅ ဆူမြောက်ဘု ရားဖြစ်ပါသည်။ မိုးကနိန်းခေါ်ကျိုက်သို့ပုသိမ်စေတီတော် သည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မိုးမြန် မာကျေး ရွာ နှင့် မိုးကရင် ကျေးရွာနယ်နမိတ် အလယ်ဗဟိုတွင် တည်ရှိပါသည်။ ကဝမြို့အရှေ့ဘက် (၃) မိုင်ခန့်အကွာ မိုးကနိမ်းရွာ တွင်တည်ရှိသည့်ရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူ ဖြစ်သည်။ပဲခူး-သံလျှင် ကားလမ်းပေါ်မှ အနောက်ဘက်တည့်တည့်သို့၎င်း ကဝ-အုန်းနှဲကားလမ်းဘေး ညောင်ပင် လေး ဆိပ်မှ တောင် ဘက် ၂ မိုင်ကျော် အကွာ လှည်းလမ်းလူသွားလမ်းဖြင်း၎င်း မိုးအခါ ကဝ-သက္ကလသွား ရေကြောင်းလမ်း ဖြင့်လည်းကောင်းသွားရောက်နိုင်ပါသည်။ သမိုင်းကြောင်း သုဝဏ္ဏဘူမိသို့ မြတ်စွာဘုရား ကြွတော်မူခြင်း မဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် ဖြစ်၏။ ထိုအချိန်တွင် သုဝဏ္ဏဘူမိတိုင်း၊ သုဓမ္မဝတီသထုံပြည်ကြီး တွင် တိဿဓမ္မသီဟရာဇာ (မဟာသီရိမာသောကမင်း) သည် စိုးစံလျက် ရှိ၏။ ထိုအချိန်ကာလတွင် မဇ္ဈိမ ဒေသ၌ မြတ်စွာဘုရားသည်သတ္တဝါဝေနေယျတို့အား တရားလှည့်လည်ဟောကြားလျက်ရှိ၏။ တစ်နေ့ သောအခါ မြတ်စွာဘုရား၏သာဝကတစ်ဦးဖြစ်သည့် ဂဝံပတိရဟန္တာသည် ဘဝဟောင်းက မိခင်၊ အတိတ် ဘဝကမွေးစားဖခင် သီဟကုမာရရသေ့၊ ဘကြီးတော်တိဿကုမာရရသေ့နှင့် နဂါးဥဖွားနောင်တော် သုဝဏ္ဏဘူမိပြည့်ရှင်မဟာသီရိမာသောကမင်းတို့ကို ကျေးဇူးဆပ်လိုသဖြင့် သထုံပြည်သို့ ကောင်းကင် ခရီးဖြင့် ကြွရောက်တော်မူ၏။ ထို့နောက်တွင် မိစ္ဆာဒိဋ္ဌိအယူလွှမ်းမိုးလျက်ရှိနေသော မိခင်ဖြစ်သူနှင့် ဆွေမျိုးများကို တရားများဟောကြားတော်မူ၏။ ထို့နောက်ရသေ့နှစ်ပါးနှင့် ဘုရင်မင်းမြတ်တို့သည် မြတ်စွာဘုရားအား ဖူးတွေ့လိုသဖြင့် ပင့်ဆောင်ပေးရန်ပြောကြား၏။ ထို့နောက် မထေရ်သည် မဇ္ဈိမဒေသသို့ ပြန်သွားကာ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် (၁) ထိုဒေသတွင် သာသနာတော် ထွန်းလင်းမည်ကိုလည်းကောင်း၊ (၂) အတိတ်ဘဝ က ဆွေတော်မျိုးတော်များ ကျွတ်တမ်းမဝင်ကြသေးသည်ကို လည်းကောင်း၊ (၃) သတ္တဝါများ ကျွတ်တမ်း ဝင်ကြစေလို၍လည်းကောင်း စသည့်အကြောင်းခြင်းရာများကြောင့်သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွတော် မူ၏။ထို့နောက် မြတ်စွာဘုရားသည် မင်းနှင့်တကွသော တိုင်းသူပြည်သားများကို တရားရေအေးများ တိုက်ကျွေးတော်မူ၏။ မင်းနှင့် ပြည်သူတို့သည်လည်း မြတ်စွာဘုရားနှင့် နောက်ပါ ရဟန္တာ ၅၀၀ တို့ကို ဆွမ်းတို့ဖြင့် ခုနစ်ရက်တိုင် လုပ်ကျွေး၏။ ဆံတော်ပေးသနားခြင်း မြတ်စွာဘုရားသည် သုဝဏ္ဏဘူမိသထုံပြည်တွင် ခုနစ်ရက်ပတ်လုံးသီတင်းသုံးနေစဉ် ကေလာသ တောင်ထိပ်နေရသေ့ကြီး၊ အတွင်းမုဂနိန်းအနောက်တောစွန်းနေရသေ့ကြီး အပါအဝင် ရသေ့ ခြောက်ပါး တို့သည် မြတ်စွာဘုရားထံမှ ပူဇော်ရန် အလို့ငှါ ဗုဒ္ဓပူဇနိယပစ္စည်းကို တောင်းခံလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဆံတော်မြတ်ခြောက်ဆူ ပေးသနားတော်မူ၏။ ထို့နောက် ရသေ့တို့သည် မိမိတို့ နေရပ်များသို့ မြတ်စွာဘုရား၏ ဆံတော်ကို ပင့်ဆောင်ကာ ကိုးကွယ်တော်မူခဲ့သည်။ အတွင်းမုဂနိန်းနေရသေ့ကြီးသည်လည်း မိမိ၏နေရပ်သို့ပြန်လာခဲ့သည်။ ထိုအခါ အတူနေရသေ့နှစ်ပါး သည် မြတ်စွာဘုရား၏ ဆံတော်ကို မိမိတို့ ပူဇော်ခွင့်မရကြဟု စိတ်နှလုံး မသာမယာ ဖြစ်ကြ၏။ ထိုအခါ အတွင်းမုဂနိန်းနေရသေ့ကြီးသည် စိတ်နှလုံးမသာမယာမဖြစ်ကြဘဲ “မြတ်စွာဘုရား၏ ဆံတော်အား မိမိတို့ သုံးဦးပူဇော်ခွင့်ရပါစေသတည်း” ဟု အဓိဋ္ဌာန်လေရာ ဆံတော်သည်သုံးဆူ ဖြစ်သွား၏။ ထိုအခါ ရသေ့သုံးပါးသည် တစ်ပါးလျှင် ဆံတော်တစ်ဆူစီယူကာ မိမိတို့နေထိုင်ရာအရပ်ဒေသများတွင် အများသူငါ ဖူးမြော်နိုင်ရန် စေတီတည်ကြသည်။ ထိုရသေ့သုံးပါးတည်ထားကိုးကွယ်တော်မူခဲ့သည်စေတီတော်များမှာ မိုးဂနိန်းစေတီတော်၊ ကျိုက်မတ်ကော်စေတီတော်နှင့် ကျိုက်သီရိဓမ္မသိုက်စေတီတော်တို့ ဖြစ်ကြသည်။ ရသေ့ကြီးတည်ထားစဉ်က အတွင်းမုဂနိန်းစေတီဟု၍၎င်း သမ္မလာမင်းဝိမလမင်းနှင့် ရွှေဖရုံမယ်တို့စေတီတည်ရာတွင် ကျိုက်သို့ ပုသိမ်စေတီဟု၎င်း ဓမ္မစေတီမင်း(အေဒီ ၁၄၇၁-၁၄၉၂) ကျောက်စာကမ္ဗည်းရေးထိုးခဲ့ပါသည်။ သာသနာနှစ် ၂၃၆ ခုနှစ် တွင် သီရိမဟာသောကမင်းငယ်ကတည်ထားပြီး ဘုရားရှင်၏ဆံတော် (၆) ဆူကို ဌာပနာခဲ့ပါသည်။ စေတီတော်မှာ ငလျှင်ဒဏ်၊ သဘာဝဘေးဒဏ်နှင့် ရာသီဉတုဒဏ်အမျိုးမျိုးကြောင့် ပျက်စီးခဲ့ရပြီး မြန်မာသက္ကရာဇ် ၁၃၆၀ပြည့်နှစ်၊ ခရစ်နှစ်၁၉၉၈ ခုနှစ်တွင်ပဲခူးမြို့ ဆယ်မိုင်ကုန်း ပတ္တမြားကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရမှ ပြန်လည်ပြုပြင်ခဲ့ပြီး ရတနာအုတ်မြစ်တော်စီအခမ်းအနားကို (၁၄-၆-၂၀၀၅) ခုနှစ် ၊ ဌာပနာတော်သွင်းမဟာမင်္ဂလာအခမ်းအနားကို (၄-၃-၂၀၀၇) ခုနှစ် နှင့် ရွှေထီးတော် အထွဋ်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားကို (၃၀-၄-၂၀၀၇) ခုနှစ်တွင် ဆောင်ရွက် ခဲ့ပါသည်။ယခုအခါ စေတီတော်ကြီးကို မိုးကနိန်းဘုရားကြီးကျောင်းဆရာတော်နှင့် ဂေါပကအဖွဲ့များက ထိန်းသိမ်းစောင့် ရှောက်လျက်ရှိပါသည်။

ကျိုက်သို့ပုသိမ်စေတီတော်(တာတိုင်ဘုရား)

တိုင်းဒေသကြီး/ပြည်နယ်

ပဲခူး

ကဝမြို့နယ်

၀၉-၁၂၃၄၅၆၇၇၉

အကြံပြုစာပေးပို့ရန်