Template Main JS File
သကျမာရ်အောင်ဘုရားကြီးသမိုင်းအကျဉ်း
(ရည်ညွှန်းစာ။ သကျမာရ်အောင်ဘုရားကြီး၏ ဂေါပကအဖွဲ့မှ ပေးပို့ထားသော မှတ်တမ်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၏ ထွန်းပဂုဏ်ရောင်၊ မြို့ကျက်သရေဆောင် သကျမာရ်အောင်ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသည် ကောဇာသက္ကရာဇ် (၁၂၆၃)ခုနှစ်တွင် စတင်၍ ကြေးသွန်းတော်မူပြီး (၁၂၆၄)ခုနှစ်တွင် အပြီးတိုင် ရတနာပလ္လင်ထက်ဆီ စံတော်မူခဲ့သည်မှာ နှစ်ပေါင်း (၁၂၂)နှစ် တိုင်ခဲ့ပေပြီ။ ထို့ကြောင့် သက္ကရာဇ် (၁၂၅၀)မှ ကိုးဂိုဏ်းချူပ်ဆရာတော်ကြီး ဦးသီလမှ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်ကို စတင်တည်ထောင်ခဲ့ပါသည်။ ကြေးသွန်းဘုရားကြီး တစ်ဆူ တည်ထားကိုးကွယ်လိုကြသည့်အတွက် ဘုရားကြီးတည်ဆောက်ဖို့ မြေနေရာနှင့် ရတနာရုံ ဘုန်းတော်ကြီးကျောင်း မြေနေရာ (၇)ဧကကို ဦးကူတင်း+ဒေါ်ငွေနှင်းတို့က လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီး ဦးသီလ၏ ဦးဆောင်မှုဖြင့် မြေနေရာပြုပြင်ခြင်း၊ ပန္နက်ချခြင်းတို့ကို (၁၂၆၀) ခုနှစ်ကတည်းက စတင်ဆောင်ပုံကိုင်ရပြီး ကြေးသွန်းဘုရားကြီး တည်ထားကိုးကွယ်ရန်အတွက် မန္တလေးမြို့မှ မဟာမြတ်မုနိဘုရားကြီး၏ ပုံတူကူးရန်အတွက် မြို့မိမြို့ဖများကို စေလွှတ်ခဲ့ပါသည်။ မန္တလေးမှ ပုံတော်ကူးဆရာမှာ ဦးပုံတော်ဖြစ်ပါသည်။ ဉာဏ်ပူဇော်ခ ဒင်္ဂါးပြားရေ (၁၀၀)တိတိ ပေးပြီး ကူးခိုင်းကြပါသည်။ ပုံတော်ကြမ်းရဖို့ (၇)ရက်တို်ငတိုင် ကူးခဲ့ရပြီး ပလာစတာများဖြင့်မံ၍ ပုံစံကြမ်းကို အောက်ခြေအကျယ် (၄)တောင်ရှိပြီး အတွင်းသားခေါင်းပွသွန်းရာမှာ ကြေးကို အဓိကထားပေးမည့် အလှူရှင်များ၏ သဒ္ဒါတရားအရ ပါဝင်ကြတဲ့ ရွှေ၊ ငွေ၊ ကြေး စတဲ့ သတ္ထုများသည် ပိဿာ (၃၀၀)ကျော် ပါဝင်ခဲ့ပါသည်။ သကျမာရ်အောင်ဘုရားကြီး ရုပ်ပွားတော်သွန်းလုပ်ရန် ရွှံ့တို့ဖြင့် ပုံကြမ်းဖော်ခြင်း၊ ဖယောင်းပုံစံမံခြင်း၊ ကြေးနှင့်တကွ ရွှေ၊ ငွေ ရတနာပေါင်းကို စုစည်းပြည့်စုံညီညွှတ်စေ၍ (၁၂၆၃)ခုနှစ်တွင် ကြေးသွန်းခဲ့ပါသည်။ ဘုရားကြီး၏ ကိုယ်လုံးတော်အား ပုတီးကုန်းတွင် သွန်းလောင်းကြပြီး မန္တလေးတွင် ကျန်သော ဦးခေါင်းတော်နှင့် ခြေတော် လက်တော် တို့ကို သီးခြားစီ သွန်းလောင်းခဲ့ကြပြီးမှ ပုတီးကုန်းမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ပါသည်။ ထိုစဉ်က မန္တလေးမြို့တွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို ပုတီးကုန်းမြို့အတွက် ပုံတူကူးကြရာ မွန်ပြည်နယ် ကျိုက်ထိုမြို့မှလည်း ၎င်းတို့မြို့တွင် ကိုးကွယ်ရန်အတွက် ပုံတူကူးယူကြပါသည်။ ယခုအခါ မွန်ပြည်နယ် ကျိုက်ထိုမြို့မှလည်း ကျိုက်ပေါလောဘုရား၏ မျက်နှာချင်းဆိုင်တွင် မန္တလေးမဟာမြတ်မုနိ၏ ကိုယ်ပွားတော်တစ်ဆူဖြစ်ပြီး ပုတီးကုန်းမြို့ သကျမာရ်အောင် ဘုရားကြီးနှင့် ပုံစံတူ၊ ဉာဏ်တူ၊ အရွယ်တူ၊ အလေချိန်တူ မဟာမုနိ ကြေးသွန်းဘုရားကြီး တစ်ဆူကို ဖူးတွေ့နိုင်ပါသည်။
သကျမာရ်အောင်ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ (၉)ပေ (၄)လက်မခွဲ ရှိပါသည်။ သကျမာရ်အောင်ဘုရားကြီး ကြေးသွန်းပြုလုပ်၍ ပြီးစီးသောအခါ (၁၂၆၄)ခုနှစ်တွင် ရတနာပလ္လင်ထက်ဝယ် အပြီးတိုင်စံတော်မူခဲ့ပါသည်။
သကျမာရ်အောင်ဘုရားကြီး
ပဲခူးတိုင်းဒေသကြီး
နတ်တလင်းခရိုင်
ပုတီးကုန်းမြို့
09-448321606