Template Main JS File

ရွှေမု‌ဋ္ဌောစေတီတော်သမိုင်းအကျဉ်း

(က) ရွှေအာဏာ စေတီတော်ပေါင်း ၈၄၀၀၀ ၏ ဒါယကာတော်အဖြစ် မြန်မာတို့ သိပြီးကျွမ်းပြီးဖြစ်သည့် သီရိဓမ္မာသောကအမည်ခံ အိန္ဒိယနိုင်ငံ မောရိယ မင်းဆက်၏ တတိယမြောက် မင်းဧကရာဇ်အသောကမင်းတရားကြီးသည် ဤစေတီတော်ကို ပထမဦးဆုံးတည်ထားခဲ့သူဖြစ်သည်။ ဤနေရာ ဤဒေသသည် ထိုစဉ်က ရွာသိမ်အစုကလေးများသာ ဖြစ်ဟန်ရှိသည်။ မြစ်ကမ်းနဖူး တလင်းပြင် မြေမြင့်နေရာ၌ ခရစ်တော်မပေါ်မီ ဘီစီ ၃၀၅ ခုနှစ်တွင် မင်းကြီးကဉာဏ်တော်ခုနစ်ပေခွဲခန့်၊ လုံးပတ်တော် လေးပေခွဲ ခန့်ရှိသော(ထိုခေတ်ပုံစံ)စေတီတော်တစ်ဆူတည်ထားခဲ့သည်။မင်းအာဏာ အရတည်သည်ဟူ၍ စေတီတော်ကို “အာဏာ” ဟုအမည်တွင်ပြီး နောင် အခါ မြန်မာတို့ အထွဋ်အမြတ်ပြုလေ့ရှိသည့် “ရွှေ” ကိုပေါင်းကာ၊ “ရွှေအာဏာ” ဟုအမည်တွင်သည်။ စေတီတော်တွင် မွေတော်၊ ဓာတ်တော် များနှင့်အတူ “ရွှေစင် မိုက်ပြည့်” ထည့်သွင်းဌာပနာခဲ့သည်။ (ခ) ထူပါရုံ ခရစ်နှစ် ၁၁၁၅ တွင် ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးသည် မဇ္ဈိမဒေသ အိန္ဒိယနှင့်သီဟိုဠ်တို့မှအပြန် ပုသိမ်တွင်တစ်ထောက်နားခိုက်၊ မူလစေတီပေါ်တွင် ၃၆ ပေ ဉာဏ်တော်ရှိသည့် စေတီတော်ကိုတည်ထား ခဲ့သည်။ စေတီတော်၏ဘွဲ့တော်ကိုလည်း “ထူပါရုံ”ဟူ၍ ပြောင်းလဲခဲ့ သည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ထူပါရုံဟု မှည့်ခေါ်ခဲ့သည်ကိုမခန့်မှန်း နိုင်စေကာမှု ထိုခေတ်က ပုဂံတစ်ဝိုက်တွင် ထူပါရုံ အမည်ဆောင်သော စေတီတော်အများအပြား ရှိနေခဲ့ပြီးဖြစ်ကြောင်းတွေ့ရသည်။ (ဂ) ရွှေမုဋ္ဌော ခရစ်နှစ် ၁၂၆၃ တွင် ပုသိမ်နှင့်အရံမြို့ ၃၁ မြို့ကို အုပ်စိုးသော ဘုရင်သမုဒ္ဓဃောသနှင့်မိဖုရားဥမ္မာဒန္တီတို့က ထူပါရုံပေါ်တွင်ပေ၁၃၀အထိ မြင့်သောစေတီတော်ကိုထပ်မံတည်ထားခဲ့သည်။ မူလက ရွှေစင်မိုက်ပြည့် ဌာပနာခဲ့ခြင်းကိုအကြောင်းပြု၍ စေတီတော်၏ ဘွဲ့အမည်ကို “ရွှေမုဋ္ဌော” ဟုခေါ်တွင်စေခဲ့သည်။ နောင်အခါ မိဖုရားဥမ္မာဒန္တီက စေတီတော်ကြီး၏ အရံအဖြစ် မုဋ္ဌောကိုးဆူဟုအမည်ကျော်သည့် ဘုရားကိုးဆူကို တည်ထား ကိုးကွယ်ခဲ့သေးသည်။ နောက်ကာလများတွင်အထူးထူးသောဒါနပါရမီရှင် တို့က ပြုပြင်မွမ်းမံမှု၊ တည်ဆောက်မှုများပြုခဲ့ကြရာ မျက်မှောက်ကာလ၌ စေတီတော်ကြီးသည် ဉာဏ်တော် ၁၅၃ ပေ အမြင့်ရှိနေပြီ ဖြစ်သည်။ ကုသိုလ်ရှင် ဘုရားဒါယကာ ဘုရင်သုံးပါးကို အမှတ်ရစိမ့်သောငှာ ထီးတော်ကြီးကို ၃ ဆင့် ပြုလုပ်ထားသည်။ အထက်ဆုံးထီးတော်မှာ ရွှေသားအစစ်ထီးတော် ဖြစ်ပြီး အလေးချိန်အားဖြင့် ၁၄ ပေါင်နီးပါးရှိသည်။ ဒုတိယအဆင့်ထီးတော်မှာ ငွေသားထီးဖြစ်ပြီး အောက်ဆုံးအဆင့်ထီးတော် ကြီးမှာကြေးထီးတော်ကြီး ဖြစ်သည်။ ထီးတော်ကြီးနှင့်ငှက်မြတ်နားတော် အစုံလုံးကို ရွှေသားသင်္ကန်း ကပ်လှူထားရာ၌ စုစုပေါင်းရွှေချိန် ၄၄ ပေါင် နီးပါးရှိသည်။ စိန်ဖူးတော်အပါအဝင် စိန်ပေါင်း ၈၂၉ လုံး၊ ပတ္တမြား ၈၄၃ လုံးနှင့် အခြားကျောက်မျက် ရတနာ ၁၅၈၈ လုံးတို့ကိုလည်း ထီးတော်နှင့် ငှက်မြတ်နားတော်တို့တွင် စီခြယ်ပူဇော်ထားသည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ် လမ်းညွှန်မှုအရ စေတီတော်ဂေါပကအဖွဲ့သည် ငွေကြေးအမြောက်အမြားအကုန်အကျခံ၍ စေတီတော်ကြီးနှင့်တကွ စေတီတော်ပရိဝုဏ်တစ်ခုလုံးကို ပြင်ဆင်မွမ်းမံ တည်ဆောက်တိုးချဲ့မှုများ အစဉ်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

၁။မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)နယ်မြေ ဗုဒ္ဓကုန်း၊ ရွှေချောင်းရပ်၌ တည်ရှိသော ရွှေမုဋ္ဌောစေတီတော်ကြီးကို သာသနာတော်နှစ်(၂၃၆)တွင် ပါဋလိပုတ် ပြည့်ရှင်ဘုရင် သီရိဓမ္မာသောကမင်းကြီးမှ ဂေါတမဘုရားရှင်၏ သရီရဓါတ်တော်အစစ် များဖြင့် တည့်သွင်းဌာပနာကာ ပူဇော်ခဲ့သည်ဟု သမိုင်းဆိုင်ရာအထောက်အထားများက ဆိုပါသည်။ ၂။ သီရိဓမ္မာသောကမင်းကြီးမှ ဇမ္ဗူဒိတ်တစ်ကျွန်းလုံး ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထွန်းလင်းစေရန် ရည်ရွယ်ပြီး ဂေါတမဘုရားရှင်၏ သရီရဓါတ်တော်အစစ်များ ထည့်သွင်းဌာပနာ၍ စေတီတော်ပေါင်း (၈၄၀၀၀)ကို တည်ထားတော်မူခဲ့ရာ ပခုက္ကူမြို့ရှိ ရွှေမုဋ္ဌောစေတီတော်ကြီးလည်း (၁)ဆူ အပါအဝင်ဖြစ်ပါသည်။ ၃။ စေတီတော်ကိုတည်တော်မူရာတွင် လကို ရာဟု ဖမ်းသည့်အချိန် (လကြတ်ချိန်) မှစတင်၍တည်ရာ လကို ရာဟုမှ လွတ်မြောက်သည့်အချိန် အပြီးတည်ရခြင်းဖြစ်သဖြင့် အမှောင်မှ လွတ်ကင်းခြင်းဟူသော အတိတ်တဘောင် နိမိတ်ဆောင်ကာ မုတ္တောစေတီ (မုဋ္ဌောစေတီ)ဟု ဘွဲ့တော်အမည်ခေါ်တွင်ခဲ့သည်ဟု ဆိုပါသည်။ နှောင်းပိုင်းကာလများ တွင် စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကြောင့် ရွှေတစ်လုံးတိုးကာ ရွှေမုဋ္ဌောစေတီတော်ဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။ ၄။ ရွှေမုဋ္ဌောစေတီတော် စတင်တည်ထားစဉ်က ဉာဏ်တော်အမြင့်မှာ ထိပ်အညွန့်ထိ သုံးထောင်တစ်မိုက် မိုက်အားဖြင့် (၁၀)မိုက်သာရှိကြောင်း ဇိနတ္ထပကာသရီကျမ်း၌ ဖော်ပြထားပါသည်။ ယခုလက်ရှိစေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ပလ္လင်အခြေမှ ထိပ်ညွှန့်အထိ (ငါးတောင်နှစ်မိုက်) ပေအားဖြင့် (ရှစ်ပေခြောက်လက်မ)ရှိပါသည်။ ၅။ ဤကဲ့သို့ စေတီတော်ကြီး၏ ဉာဏ်တော်နှင့် လုံးပတ်တော်ကြီး ရှိလာရခြင်းမှာ သီရိဓမ္မာသောကမင်းကြီးကစ ပုဂံခေတ် စလေမင်းခွေးတိုင်အောင် မင်းကိုးဆက် တိုင်တိုင် ပြုပြင်မွမ်းမံမှုများကြောင့် ကြည်ညိုဖွယ်ရာ ဖူးတွေ့ရခြင်းဖြစ်သည်ဟု ရှေးအဆက်ဆက် ဆရာတော်ကြီးများနှင့် လူကြီးသူမများက မိန့်ဆို ပြောကြားချက်များ အရ သိရှိရပါသည်။ ၆။ စေတီတော်ကြီးကို မိုးဒဏ်၊ လေဒဏ်၊ နေပူဒဏ်များမှ ကာကွယ်နိုင်ရန် အင်းဝ ပြည့်ရှင်ဘုရင် ပထမမင်းခေါင်သည် အပြင်ဂန္ဓာကုဋီတိုက်တော်ကြီးတည်၍ အထက်မှ စေတီတော်ကြီး တည်ထားကိုးကွယ်တော်မူခဲ့သည်ဟု သမိုင်းအထောက်အထားများအရ သိရှိရပါသည်။ ၇။ နှောင်းခေတ်ကာလများတွင် ဆရာတော်၊ သံဃာတော်များ ဗုဒ္ဓဝေယျာဝစ္စ ဆောင်ရွက်ကြသည့် ဂေါပကအဖွဲ့ အဆက်ဆက်နှင့် ကောင်းမှုကုသိုလ်ရှင်များ၏ လှူဒါန်းမှုအားကြောင့် စေတီတော်ကြီး၏ သာသနာ့နယ်မြေအတွင်းဝယ် သာသနိက ဆိုင်ရာ အဆောက်အဦးများ တိုးပွားစည်ပင်လာခဲ့ပါသည်။ သို့ဖြစ်ပါ၍ ပခုက္ကူမြို့၏ ကျက်သရေဆောင် ရွှေမုဌောစေတီတော်ကြီးသို့ လာရောက်ကြသည့် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးလာ ဗုဒ္ဓဘာသာဝင် သူတော်စင်များ အနေဖြင့် ဆုတောင်းပြည့် ကပ်ကျော်စေတီတော်ကြီး ဖြစ်သည့်အတိုင်း ဘုရားရှင်၏ ပုံတော်ကို အာရုံပြုပြီး ဂုဏ်တော်ကို ပွားများကာ လိုရာဆုကိုတောင်းပါက ပြီးပြည့်စုံ၍ နိဗ္ဗာန်ချမ်းသာထိတိုင် ရရှိခံစားနိုင်ပါကြောင်း စေတနာ၊ မေတ္တာတရား တို့ဖြင့် ဆုတောင်းပတ္ထနာပြုကာ ပခုက္ကူမြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောစေတီတော်ကြီး၏ သမိုင်းအကျဉ်းကို နိဂုံးချုပ်အပ်ပါသည်။

ရွှေမု‌ဋ္ဌောစေတီတော်

ဧရာဝတီတိုင်းဒေသကြီး

ပုသိမ်

ပုသိမ်

no

အကြံပြုစာပေးပို့ရန်